မိန်းမကိုယ် အဝကျယ်ခြင်းနဲ့ ပတ်သက်တဲ့ ဂျင်းစကားများ
မိန်းမကိုယ်ရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ ကြွက်သားတွေက ဆန့်ထုတ်မှုကို လုပ်ဆောင်နိုင်သလို နဂိုမူလ အရွယ်အစား ကိုလည်း ပြန်လည်ရောက်ရှိနိုင်ပါတယ်။ အသက်အရွယ်ရလာချိန် နဲ့ ကလေးမွေးဖွားပြီးချိန်မှာ မိန်းမကိုယ်တဝိုက်က ကြွက်သားတွေက သန်စွမ်းမှု အနည်းငယ် ကျလာပါတယ်။ မိန်းမကိုယ်ကျယ်တာနဲ့ ပတ်သက်ပြီး ယုံတမ်စကားတွေ ရှိပေမယ့် အမျိုးသားနဲ့ အတူနေတာကြောင့် မိန်းမကိုယ်ကျယ်တယ်ဆိုတာကတော့ မဟုတ်ပါဘူး။
တင်ပါးဆုံ ကြွက်သားတွေက မိန်းမကိုယ်ကို ဝန်းရံထားပါတယ်။ အချိန်ကြာလာချိန်မှာ ဒီကြွက်သားတွေ အားနည်းလာတာက မိန်းမကိုယ်ကျယ်တယ်လို့ ခံစားရစေတာပါ။
တင်ပါးဆုံကြွက်သားတွေ အားနည်းလာတာက ဆီးမထိန်းနိုင်တာ၊ ဆီးတစ်စက်စက်ကျတာတွေကို ခံစားရနိုင်ပါတယ်။ တင်ပါးဆုံကြွက်သားကို လေ့ကျင့်ပေးတဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာက မိန်းမကိုယ် ကြွက်သားတွေကို သန်မာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
အမျိုးသားနဲ့ အတူနေတာကြောင့် မိန်းမကိုယ် မကျယ်ပါဘူးလို့ ဆိုရခြင်း အကြောင်းတရား
မိန်းမကိုယ် ကျယ်လာတာက အသက်အရွယ်အားဖြင့် ကြီးရင့်လာတဲ့အခါ မိန်းမကိုယ်တဝိုက်က ကြွက်သားတွေ အားနည်းလာတာကြောင့်ပါ။ နောက်တစ်ချက်က အတူနေချိန်မှာ မိန်းမကိုယ်ကြွက်သားတွေက ထိုးသွင်းဆက်ဆံမှု လုပ်ဆောင်နိုင်စေရန်အလို့ငှာ ဖြေလျော့ထားတာကြောင့် မိန်းမကိုယ်ကြွက်သားတွေ လျော့နေသလို ခံစားရတာပါ။
ဒီလိုဆက်ဆံမှုကို လုပ်တဲ့အချိန်မှာ မိန်းမကိုယ်ကြွက်သားတွေကို တဖြည်းဖြည်းချင်း ပြေလျော့စေဖို့ အစပျိုးလှုံ့ဆော်မှုတွေ လုပ်ပေးဖို့က အရေးကြီးပါတယ်။ ဆက်ဆံမှုကို ပြုပြီးချိန်မှာတော့ မိန်းမကိုယ်က မူလအရွယ်အစားနဲ့ ပုံမှန်ရှိသင့်တဲ့ တင်းအားအတိုင်း ရှိနေပါတယ်။
ဒါကြောင့် ထိုးသွင်းဆက်ဆံမှုက မိန်းမကိုယ်ကျယ်သွားစေနိုင်တယ်ဆိုတာကတော့ မဟုတ်ပါဘူး။ မြင်သာတဲ့ ဥပမာပေးရရင် မိန်းမကိုယ် ကြွက်သားတွေက ပါးစပ်လိုပါပဲ။ သမ်းတဲ့အချိန် အစားစားဖို့ ဟတဲ့အချိန်မှာ ပါးစပ်ကို အကျယ်ကြီး ဟနိုင်ပေမယ့် လုပ်ငန်းစဉ်တွေ ပြီးသွားချိန်မှာတော့ ပုံမှန်အရွယ်အစားကို ပြန်ရောက်ရှိသွားပါတယ်။
တစ်ခါတလေမှာ ဆက်ဆံမှုပုံစံကြောင့်လည်း မိန်းမကိုယ်ကျယ်တာ၊ တင်းကျပ်တာမျိုးကို ခံစားရနိုင်ပါတယ်။
ကလေးမွေးဖွားခြင်းက မိန်းမကိုယ် ကျယ်စေသလား
ကလေးကို ရိုးရိုးမွေးဖွားချိန်မှာ မိန်းမကိုယ်ကြွက်သားတွေက ဆန့်ထုတ်မှုကို လုပ်ဆောင်ကြပါတယ်။ ဒီဆန့်ထုတ်မှု အနေအထားကနေ မူလအနေအထားကို ဖြည်းဖြည်းချင်း ပြန်ရောက်သွားပါတယ်။ ကလေးမွေးဖွားပြီးချိန်မှာတော့ မိန်းမကိုယ်ကြွက်သားတွေက အရင်အတိုင်းရှိနေတယ်လို မခံစားမိတာမျိုးတော့ ရှိနိုင်ပါတယ်။ ဒီခံစားမှုကို အသားကျဖို့ အချိန် နည်းနည်းလောက်တော့ ယူရနိုင်ပါတယ်။
အချို့သော အမျိုးသမီးတွေမှာတော့ ကလေးမွေးဖွားပြီးချိန်မှာ မိန်းမကိုယ် အနေအထားနဲ့ ကျုံ့ဆန့်နိုင်စွမ်းက ပြောင်းလဲမှု ရှိတယ်လို့ ဆိုကြပါတယ်။ ရိုးရိုးမွေးပြီးချိန်မှာ မိန်းမကိုယ်ရဲ့ ခံစားနိုင်မှု စွမ်းရည်က အနည်းငယ် ကျဆင်းတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် ဒီလို ခံစားရမှုက အချိန် တစ်ခုကို ရောက်တဲ့ အခါ မရှိတော့ဘဲ မူလအတိုင်း ပြန်ဖြစ်သွားတတ်ပါတယ်။
အရေပြား၊ တစ်ရှူး နဲ့ ကြွက်သားတွေက မီးဖွားချိန်မှာ ပြောင်းလဲမှုတွေ ဖြစ်သွားတာကြောင့် သားအိမ်ခေါင်းနဲ့ မိန်းမကိုယ်မှာ ပြောင်းလဲမှုတွေ ဖြစ်လာရတာပါ။ အမျိုးသမီးတွေအနေနဲ့ ရိုးရိုးမွေးဖွားပြီးချိန်မှာ လိုအပ်တဲ့ ကုသမှုတွေကို ခံယူဖို လိုပါမယ်။
အသက်အရွယ်ရလာခြင်းက မိန်းမကိုယ်ကျယ်စေသလား
အသက်အရွယ်ရလာချိန်မှာ ခန္ဓာကိုယ်က ပြောင်းလဲလာပါတယ်။ အရေပြားနဲ့ ကြွက်သားတွေရဲ့ တင်းရင်းမှုတွေက တဖြည်းဖြည်းချင်း ကျဆင်းလာပါတယ်။ သန်မာမှုလည်း ကျဆင်းလာတာနဲ့အတူ မိန်းမကိုယ်ကလည်း ကြွက်သားတွေကလည်း လျော့ရဲလာပါတယ်။
သွေးဆုံးချိန်မှာလည်း အက်စထရိုဂျင် ဟော်မုန်းပမာဏ ကျဆင်းလာတာကြောင့် မိန်းမကိုယ် အတွင်းနံရံသားတွ ခြောက်သွေ့ပြီး တင်းအားကျဆင်းလာပါတယ်။ ဒီအခြေအနေကြောင့်လည်း မိန်းမကိုယ် ကျယ်နိုင်ပါတယ်။
မိန်းမကိုယ် ကျယ်တာကို ဘယ်လို သက်သာအောင် လုပ်မလဲ?
မိန်းမကိုယ် တဝိုက်က ကြွက်သားတွေကို ညှစ်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။ တင်ပဆုံ ကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။
မွန်မွန်